အာရှဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ အတွက် ပြင်ဆင်နေတဲ့ မြန်မာအသင်း

  • 7 years ago
၂ဝ၁၇ အာရှယူ-၂ဝဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ အတွက်ပြင်ဆင်နေတဲ့ မြန်မာအသင်းဟာ ဒီကနေ့ ညနေပိုင်းက ဖူဆယ်လိဂ်လက်ရှိချန်ပီယံ MICအသင်းနဲ့ ခြေစမ်းကစားခဲ့ပြီး ၈ ဂိုးပြတ်အရေးနိမ့်ခဲ့ပါတယ်။ ဒါဟာ တတိယမြောက် ခြေစမ်းပွဲစဉ်ဖြစ်ပြီး မြန်မာယူ-၂၀အသင်းအနေနဲ့ MIC ကို အဘက်ဘက်က မယှဉ်နိုင်ဘဲ အရေးနိမ့်ခဲ့ရတာပါ။ လက်ရှိမှာ မြန်မာယူ-၂ဝဖူဆယ်အသင်းကို ပဏာမကစားသမား ၁၆ဦးနဲ့ ဖွဲ့စည်းထားပြီး ပြည်တွင်းဖူဆယ်ကလပ်အသင်းများနဲ့ ခြေစမ်းပွဲတွေ ဆက်တိုက်ယှဉ်ပြိုင်မယ်လို့လည်း သိရပါတယ်။ ဒီကနေ့ပွဲအပါအဝင် ပြည်တွင်းကလပ်တွေနဲ့ သုံးပွဲယှဉ်ပြိုင်ရာမှာတော့ တစ်ပွဲနိုင် နှစ်ပွဲရှုံးရလဒ် ရရှိထားပါတယ်။ လာမယ့် မေလ ၁၆ရက်ကနေ ၂၆အထိ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် အာရှယူ-၂ဝချန်ပီယံ ရှစ်ပြိုင်ပွဲမှာ အသင်း ၂၁သင်းဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာအသင်းဟာ ဥဇဘက်ကစ္စတန်၊ ကာတာ၊ လက်ဘနွန် နှင့် ဟောင်ကောင်အသင်းများနဲ့ တစ်အုပ်စုတည်းကျရောက်လျက်ရှိပါတယ်။

ရုပ်သံသတင်းထောက်- မြတ်သီဟမောင်