ခုံသမာဓိဆုံးဖြတ်ချက်ကို မလိုက်နာဟုဆိုကာ အလုပ်သမားများက သတင်းစာရှင်းလင်း

  • 4 years ago
ခုံသမာဓိဆုံးဖြတ်ချက်ကို မလိုက်နာဟုဆိုကာ အလုပ်သမားများက သတင်းစာရှင်းလင်း
*********************
လှိုင်သာယာမြို့နယ်ရှိ Wide Vision ကျောပိုးအိတ်စက်ရုံက စက်ရုံအလုပ်သမား ၁၈ ဦးကို ကြိုတင်အကြောင်းကြားမှုနှင့် ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ အလုပ်ထုတ်ခဲ့ပြီး ညှိနှိုင်းဖြန်ဖြေရေးရုံးနဲ့ ခုံသမာဓိက အလုပ်ပြန်ခန့်ဖို့ ဆုံးဖြတ်ပေးခဲ့ပေမယ့် အခုအချိန်အထိ အလုပ်ပြန်ခန့်ထားခြင်းမရှိတာေကြာင့် အလုပ်သမားတွေက သတင်းစာရှင်းလင်းမှုတစ်ရပ်ပြုလုပ်ခဲ့ပါတယ်။

အလုပ်အထုတ်ခံရတဲ့ အလုပ်သမား ၁၈ ဦးမှာ အလုပ်ရှင်ပေးတဲ့ နစ်နာကြေး ၁ သိန်း ၄သောင်း ၄ ထောင်နဲ့ ကြေးအေးလိုက်သူတွေရှိပေမယ့် အမျိုးသမီးအလုပ်သမား ၆ ဦးကတော့ သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ စားဝတ်နေရေးအခက်အခဲတွေလည်း ရှိနေတာကြောင့် အလုပ်ပြန်ခန့်ပေးရေး တောင်းဆိုရတာဖြစ်တယ်လို့ သိရပါတယ်။

ကုမ္ပဏီဘက်က အကြောင်းမဲ့ထုတ်တာမဟုတ်ဘဲ ဥပဒေနဲ့အညီထုတ်တာဖြစ်ပြီး သက်သေအထောက်အထားစာရွက်စာတမ်းတွေရှိတယ်လို့ ပိုင်ရှင်က ပြောကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဒီလောက်ပဲပြောနိုင်သေးကြောင်း ကုမ္ပဏီဘက်က လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေဦးအောင်ငြိမ်းက မဇ္စျိမက ဆက်သွယ်မေးမြန်းရာမှာ ပြောပါတယ်။

ဒီလိုအလုပ်ရှင်အလုပ်သမားအငြင်းပွားမှုအပေါ် အလုပ်သမားတွေကို ကြားကာလနစ်နာကြေး၊ မူလနေရာ၊ ရာထူးနဲ့ လစာအတိုင်း အလုပ်ပြန်ခန့်ထားပေးဖို့ ခုံသမာဓိအဖွဲ့က သတ်မှတ်ခဲ့တယ်လို့လည်း သိရပါတယ်။
ရိုက်ကူး/တည်းဖြတ် - ဖူးအိအိနွယ်