တရုတ် လေကြောင်းစွမ်းရည်ပြပွဲမှာ အမေရိကန်နဲ့ ဗြိတိန် ပါဝင် သရုပ်ပြ ပျံသန်းအောက်တိုဘာ-၇၊၂၀၁၈တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ လေကြောင်း အလှ စွမ်းရည်ပြပွဲ

  • 6 years ago
တရုတ် လေကြောင်းစွမ်းရည်ပြပွဲမှာ အမေရိကန်နဲ့ ဗြိတိန် ပါဝင် သရုပ်ပြ ပျံသန်း
အောက်တိုဘာ-၇၊၂၀၁၈

တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ လေကြောင်း အလှ စွမ်းရည်ပြပွဲ နောက်ဆုံးနေ့မှာ အမေရိကန်နဲ့ ဗြိတိန်က သရုပ်ပြ အဖွဲ့တွေ ပါဝင် အစွမ်းပြသွားခဲ့ကြပါတယ်။

အယ်လ်ဆာ လေကြောင်း ပျံသန်းမှု ပွဲတော်ကို တရုတ်နိုင်ငံ မြောက်ပိုင်း၊ အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ပွဲတော် နောက်ဆုံးနေ့ဖြစ်တဲ့ အောက်တိုဘာ ၆ ရက်မှာတော့ ဗြိတိန်နဲ့ အမေရိကန်က လေကြောင်း စွမ်းရည်ပြ အဖွဲ့တွေက ထူးထူးကဲကဲ စတန့်ပြကွက်တွေ ပျံသန်းပြခဲ့တာ ဖြစ်ပါတယ်။

တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ထူထောင်မှုကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ်နဲ့ ဒီပွဲတော်ကို နှစ်စဉ် ကျင်းပခဲ့တာ အခုနှစ်မှာ ၆၉ ကြိမ်မြောက် ရှိလာခဲ့ပါပြီ။ ဗြိတိန် အဖွဲ့ရဲ့ တောင်ပံနှစ်ထပ် လေယာဉ်တွေဟာ မြေပြင်အထက် မီတာ ၅၀၀ ကနေ ၁၀၀ ထိ အနိမ့်ဆင်း ပျံသန်းပြီး စွမ်းရည်ပြခဲ့ပါတယ်။

လေယာဉ်တွေရဲ့ အထက်မှာတော့ စတန့်သမား နှစ်ယောက် ထိုင်လျက်သား လိုက်ပါလာပြီး ကိုယ်အမူအယာ အမျိုးမျိုး ပြောင်းလဲ သရုပ်ပြခဲ့တာကြောင့် ပရိသတ်တွေ ရင်သပ်ရှုမော ဖြစ်ခဲ့ကြပါတယ်။

အမေရိကန် အသင်းကတော့ လေယာဉ်ကနေ မှုတ်ထုတ်တဲ့ မီးခိုးတန်းတွေကို အသုံးပြုပြီး ကောင်းကင်ပေါ်မှာ စာရေးပြတာမျိုး လုပ်ပြသွားပါတယ်။ သရုပ်ပြ အသင်းတွေဟာ ကမ္ဘာစစ် ကာလက အသုံးပြုခဲ့တဲ့ ရှေးဟောင်း တောင်ပံ နှစ်ထပ် လေယာဉ်တွေကို အသုံးပြုပြီး စွမ်းရည်ပြခဲ့ကြပါတယ်။

အမေရိကန် အသင်းရဲ့ အဖွဲ့ခေါင်းဆောင် ဝိန်း မန်းစ်ဖီးလ်ဟာ အသက် ၇၂ နှစ်တောင် ရှိနေပါပြီ။ သူဟာ တောင်ပံ နှစ်ထပ် လေယာဉ် တစ်စီးကို မောင်းနှင်ပြီး ကောင်းကင်ယံမှာ ၆၉ ဆိုတဲ့ စာလုံးကို ရေးသားပြခဲ့ပါတယ်။ ဒါဟာ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ထူထောင်မှု ၆၉ နှစ်ပြည့် နှစ်ပတ်လည်ကို ဂုဏ်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

Recommended