ဘင်္ဂလားဒေ့ရှ်က ခိုလှုံရေး စခန်းတွေမှာ တစ်နေ့ကို ဘင်္ဂါလီ ကလေးငယ် ၆၀ လောက် မွေးဖွားနေ

  • 6 years ago
မေ - ၁၈ ၊၂၀၁၈

ဘင်္ဂလားဒေ့ရှ်က ခိုလှုံရေး စခန်းတွေကို ရောက်နေတဲ့ ဘင်္ဂါလီ မျိုးနွယ်စုတွေဟာ တစ်နေ့ကို ပျမ်းမျှ ကလေး ၆၀ လောက် မွေးဖွားနေတယ်လို့ ယူနီဆက်ဖ်က ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနောက်ပိုင်း ကော့စ်ဘာဇားမှာ ရောက်ရှိ ခိုလှုံနေတဲ့ ဘင်္ဂါလီ မိသားစုဝင်တွေဟာ ကိုးလတာအတွင်း ကလေးငယ် တစ်သောင်းခြောက်ထောင်ကျော် မွေးဖွားခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ မိခင်နဲ့ ကလေးဆိုင်ရာ စောင့်ရှောက်ရေး အဖွဲ့ကြီးက ကြေညာပါတယ်။

ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းလာရတဲ့ သားသည်မိခင်တွေဟာ ဆင်းရဲကျပ်တည်းတဲ့ အခြေအနေတွေမှာ မီးဖွားနေရတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ ယူနီဆက်ဖ် ကိုယ်စားလှယ် အီဒူရက်ဒ် ဘိဂ်ဘီဒါက ဆိုပါတယ်။

ခိုလှုံရေး စခန်းတွေမှာ တစ်နေ့ကို ပျမ်းမျှ ကလေး ၆၀ လောက် မွေးဖွားနေတယ်လို့ ယုံကြည်ရကြောင်း၊ ဒါပေမဲ့ အမှန်တကယ် မွေးဖွားနှုန်း ဘယ်လောက် များနေသလဲ ဆိုတာကို အတိအကျ စာရင်းကောက်ယူဖို့ ခက်ခဲကြောင်းလည်း သူက ဝန်ခံခဲ့တယ်။

ပြီးတော့ မွေးကင်းစ ကလေးတွေထဲက အယောက် သုံးထောင်လောက်၊ တစ်နည်းအားဖြင့် ကလေး ငါးဦးမှာ တစ်ဦးလောက်ပဲ ကျန်းမာရေး စောင့်ရှောက်မှု ဌာနတွေဆီ ရောက်ခဲ့သလို မီးဖွားတဲ့ မိခင်တွေရဲ့ ၁၈ ရာခိုင်နှုန်း ဝန်းကျင်ကိုသာ ကျန်းမာရေး အထောက်အပံ့တွေ ပေးနေနိုင်ကြောင်းလည်း ဘိဂ်ဘီဒါက ပြောကြားသွားပါတယ်။