7Day TV ရဲ့ ည၇နာရီသတင်း 7PM News တိုက်ရိုက်ထုတ်လွှင့်မှု

  • 7 years ago
(၁) သီတင်းကျွတ်ပိတ်ရက် အိမ်ပြန်သူတွေများလို့ ကားဂိတ်တွေမှာ လူတိုး

သီတင်းကျွတ်ပိတ်ရက်မှာ နယ်ပြန်သူတွေနဲ့ ခရီးသွားသူများတဲ့ အတွက် ဒီမနက်ပိုင်း ကားဂိတ်တွေမှာ လူတွေ ကြိတ်ကြိတ်တိုးနေပါတယ်။

သီတင်းကျွတ်ပိတ်ရက် ငါးရက်ဆက်တိုက်ရတဲ့ ပထမဆုံးနှစ်ဖြစ်တာကြောင့် ကန်တော့ဖို့ အိမ်ပြန်သူတွေ၊ ခရီးထွက်သူတွေနဲ့ ရန်ကုန်မြို့ရဲ့ အဝင်အထွက်လမ်းတွေမှာ ကားတွေနဲ့ ပြည့်ကျပ်သွားခဲ့တာပါ။

ကားလတ်မှတ်မရတာ ကားမလုံလောက်တာတွေကြောင့်လည်း အခက်အခဲဖြစ်နေသူတွေရှိတယ်လို့ ခရီးသွားပြည်သူ တစ်ချို့ထံက သိရပါတယ်။

ရန်ကုန်မြို့ကနေ မြန်မာပြည် အထက်ပိုင်းအတွက် ဝင်/ထွက်ရာ လမ်းကြောင်း ဖြစ်တဲ့ အောင်မင်္ဂလာဂိတ်နဲ့ အမှတ် ၃ လမ်းတစ်လျှောက်၊ မြန်မာနိုင်ငံအောက်ပိုင်းကို ဝင်ထွက်ရာ လမ်းကြောင်း ဖြစ်တဲ့ လှိုင်သာယာက အမှတ်(၅)လမ်း တစ်လျှောက်မှာ ဒီနေ့ အောက်တိုဘာ ၄ ရက် မနက်ကနေ နေ့လယ်အထိ ကားတွေစီတန်း နေတာပါ။

သီတင်းကျွတ်ပိတ်ရက် အတွင်း ခရီးသွားများတာကြောင့် အောင်မင်္ဂလာ အဝေးပြေးမှာလည်း လုံခြုံရေးနဲ့ ယာဉ်လမ်းကြောင်းရှင်းဖို့ အချိန်တိုးမြှင့် ဆောင်ရွက်နေတယ်လို့ သတင်းရရှိပါတယ်။

ပုံမှန်ရက်တွေမှာ ကားအဝင်အထွက်များတဲ့ ည၆နာရီ နောက်ပိုင်းမှာ ယာဉ်လမ်းကြောင်းရှင်းတာကို ဆောင်ရွက်ပေမယ့် လက်ရှိမှာတော့ နေ့ညတာဝန်ခွဲပြီး ဆောင်ရွက်နေတယ်လို့ တာဝန်ကျ ရဲတပ်သား တစ်ဦးက ပြောပါတယ်။

ပုံမှန်ကားကြပ်လေ့ရှိတဲ့ ရန်ကုန်မြို့ထဲက လမ်းတွေမှာတော့ အသွားအလာကျဲသွားတာကြောင့် ကားလမ်းတွေ ရှင်းလင်းနေပါတယ်။

(၂) ရခိုင်အတွက် နယ်စပ်ခြံစည်းရိုးကာရံဖို့နဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ပေးပို့

ရခိုင်ပြည်နယ်မှာ နယ်စပ်ခြံစည်းရိုးကာရံမယ့် ပစ္စည်းတွေ အပါအဝင် ထောက်ပံ့ရေး ပစ္စည်းတွေကို တပ်မတော်ပိုင် လေယာဉ်၊ ရေယာဉ်တွေနဲ့ ပို့ဆောင်ပေးနေတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။

မနေ့က အောက်တိုဘာလ ၃ ရက်မှာ တပ်မတော် (ရေ)က စစ်ရေယာဉ်ဟာ ထောက်ပံ့ရေးပစ္စည်းတွေ တင်ဆောင်ပြီး စစ်တွေမြို့ကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေအတွက် အနယ်နယ်အရပ်ရပ်က အလှူရှင်တွေနဲ့ တပ်မတော် မိသားစုတွေက လှူဒါန်းတဲ့ ထောက်ပံ့ပစ္စည်းတွေကို ပေးပို့ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုတွေ မရှိတော့ပေမယ့် နေအိမ်တွေကနေ စွန့်ခွာလာခဲ့ရသူတွေက ဒေသကို ပြန်ဖို့ လုံခြုံရေး စိတ်ပူမှုတွေ ရှိနေသလို၊ နေထိုင်၊ စားသောက်ရေး အတွက်ပါ အခက်အခဲတွေ ရှိနေတာ ဖြစ်ပါတယ်။

(၃) HIV/AIDS ကာကွယ်ကုသရေး အတွက် အစိုးရက ထောက်ပံ့ငွေ သုံးဆ တိုးပေးထား

HIV/AIDS ကုသရေးနဲ့ ကာကွယ်ရေးလုပ်ငန်းတွေ အတွက် အခုနှစ်မှာ အရင်နှစ်တွေထက် အစိုးရက ထောက်ပံ့ငွေ သုံးဆမြှင့်တင် ထောက်ပံ့ပေးထားတယ်လို့ သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာတော့ အမေရိကန်ဒေါ်လာ ၅သန်း ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ အမေရိကန် ဒေါ်လာ ၁၅သန်း ထောက်ပံ့ပေးထားတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သိရပါတယ်။

အစိုးရရဲ့ ထောက်ပံ့ငွေ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ သန်း(၈၀)ကျော်ရှိပြီး ဒီထောက်ပံ့ငွေတွေကို အေအာတီဆေးတွေ ၀ယ်ယူတာ၊ သွေးစစ်ဆေးပေးတာနဲ့ စစ်ဆေးတဲ့ ကိရိယာတွေ ၀ယ်ယူတဲ့ လုပ်ငန်းတွေမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။

စီမံကိန်းတွေ ရေးဆွဲပြီး ရောဂါတိုက်ဖျက်ရေး စီမံချက်တွေ လုပ်ဆောင်နေတာကြောင့် HIV ကူးစက်ခံရမှုနှုန်းနဲ့ သေဆုံးမှုနှုန်းတွေဟာ သိသိသာသာ ကျဆင်းလာတယ်လို့ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၊ အမျိုးသား ခုခံအားကျ/ ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက် မန်နေဂျာ ဒေါက်တာထွန်းညွန့်ဦးက ပြောပါတယ်။

HIV ကူးစက်ခံရမှု လူနာသစ် အရေအတွက်ကလည်း ၂၀၀၀ခုနှစ်မှာဆိုရင် ၃သောင်းငါးထောင် ရှိခဲ့ရာကနေ ၂၀၁၆ ခုနှစ်မှာ လူနာ တစ်သောင်းကျော်ထိ ကျဆင်းသွားတယ်လို့ ဒေါက်တာ ထွန်းညွန့်ဦးက ပြောကြားခဲ့တာပါ။

လက်ရှိမှာ တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ HIV ပိုးတွေ့ရှိသူဦးရော နှစ်သိန်းနှစ်သောင်း လေးထောင်ကျော်ရှိပြီး အဲ့ဒီလူနာတွေထဲက လူနာ တစ်သိန်းနှစ်သောင်းခုနှစ်ထောင်ကျော်ကို အေအာတီ တသက်တာ သောက်ဆေးတွေနဲ့ ဆေးကုသမှု ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

HIV ပိုးတွေ့ရှိမှု အများဆုံးတိုင်းတွေကတော့ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းတို့ဖြစ်ကာ နယ်စပ်မြို့တွေမှာလဲ ရောဂါဖြစ်ပွားမှုနှုန်း များတယ်လို့ သိရပါတယ်။

(၄) မုန်တိုင်းဒဏ်သင့် ပွာတိုရီကို နိုင်ငံကို အမေရိကန် သမ္မတ ထရမ့် သွားရောက်

ဟာရီကိန်း တိုက်ခတ်မှုဒဏ် ခံခဲ့ရတဲ့ ပွာတိုရီကို ကျွန်းနိုင်ငံကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် သွားရောက်ခဲ့ပြီး မုန်တိုင်းဒဏ်သင့် ပြည်သူတွေနဲ့ ကိုယ်တိုင် တွေ့ဆုံခဲ့ပါတယ်။

အောက်တိုဘာ ၃ ရက်က ထရမ့်ဟာ အမေရိကန်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့ ကျွန်းနိုင်ငံငယ်လေးကို သမ္မတကတော် မယ်လာနီယာထရမ့်နဲ့အတူ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ထရမ့်က ပွာတိုရီကို ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပြီး ထောက်ပံ့ရေး ပစ္စည်းတွေ ဝေငှရာမှာလည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ပါတယ်။

ကာရေဘီယန် ပင်လင်ထဲက ကျွန်းနိုင်ငံဟာ ဟာရီကိန်း မုန်တိုင်းကြီး မာရီယာ ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ဒဏ်ကို ဆိုးဆိုးရွားရွား ကြုံတွေ့ ခံစားခဲ့ရပါတယ်။ နိုင်ငံရဲ့ လူဦးရေ ထက်ဝက်လောက်ဟာ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိဖို့ အခက်ကြုံနေပြီး မိုဘိုင်းဖုန်း ကွန်ရက်တွေကလည်း ၉၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားပါတယ်။

ဒေသခံတွေက တာဝန်ရှိသူတွေရဲ့ စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး ဝေဖန်နေကြပေမယ့် ဆန်ဟွမ်မြို့ကို ရောက်ရှိလာချိန်မှာ ထရမ့်ကတော့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းတွေရဲ့ ကိုင်တွယ် လုပ်ဆောင်မှုကို ချီးကျူးစကား ပြောကြားသွားတယ်လို့လည်း သိရပါတယ်။

Recommended