အစိုးရနဲ့ ဌာနဆိုင်ရာတွေရဲ့ ဘဏ္ဍာငွေ လျာထားချက်ကို အချိန်မီပေးဖို့ အဆို လွှတ်တော်ကိုတင်သွင်း

  • 7 years ago
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ဌာနဆိုင်ရာတွေရဲ့ လုပ်ငန်းတစ်ခုစီအလိုက် ဘဏ္ဍာငွေလျာထားချက် အသေးစိတ် စာရင်းတွေကို ပြည်သူ့ငွေစာရင်းကော်မတီထံ အချိန်မီပေးပို့ဖို့ တိုက်တွန်းတဲ့အဆိုကို ဒီကနေ့လွှတ်တော်မှာတင်သွင်းခဲ့တာပါ။

ဒီကနေ့ စက်တင်ဘာ ၁၁ မှာပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ ပြည်သူ့ငွေစာရင်းကော်မတီက တင်သွင်းခဲ့တာပါ။ အဲဒီ့အဆိုကို တင်သွင်းရတာက ပြည်သူ့ဘဏ္ဍာငွေတွေ အလေအလွင့် မရှိစေဖို့ ပြည်သူ့ငွေစာရင်းကော်မတီ အနေနဲ့ အသေးစိတ် တွက်ချက်စိစစ်နိုင်အောင်ဖြစ်တယ်လို့ ပြည်သူ့ငွေစာရင်းကော်မတီ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

လွှတ်တော်ကို တင်သွင်းလာတဲ့ ဘတ်ဂျက်တွေထဲမှာ စီမံကိန်းအချို့က အသေးစိတ် မဖြစ်တာတွေကြောင့် ဆုံးရှုံးမှုတွေရှိတယ်လို့ ပြည်သူ့ငွေစာရင်းကော်မတီအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်ကပြောပါတယ်။ ပြည်သူ့ငွေစာရင်းကော်မတီ အနေနဲ့ စီမံကိန်းတွေကို စိစစ်ရာမှာ လွှတ်တော်မတင်သွင်းခင် အချိန်ကပ်မှရရှိတာတွေ၊ ငွေစာရင်းလျာထားချက်တွေက အသေးစိတ် မရှိတာတွေကြောင့် အကြမ်းဖျင်းသာ စိစစ် ဆောင်ရွက်နေရတယ်လို့လည်း သိရပါတယ်။

အဲဒီ့အဆိုကို စက်တင်ဘာ၁၉မှာ ပြုလုပ်မယ့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်

Recommended