ဧရာဝတီတိုင်းထဲက ရွာအချို့မှာ အာဆင်းနစ်ကင်းတဲ့ သောက်သုံးရေရဖို့ ဆောင်ရွက်ပေးနေ

  • 7 years ago
ဧရာဝတီတိုင်း သာပေါင်းမြို့နယ်က ရွာခုနှစ်ရွာမှာရှိတဲ့ ရေတွင်း ရေကန်တွေထဲက အာစင်းနစ်အများဆုံးတွေ့ရှိရတဲ့ ရွာတစ်ရွာမှာ အာဆင်းနစ်ကင်းတဲ့သောက်သုံးရေရရှိ ဖို့အတွက် Save Water Supply System ကို တည်ဆောက်ပေးခဲ့နိုင်ပြီးဖြစ်တယ်လို့ ဆေးသုတသန ဦးစီးဌာနက ညွှန်ကြားရေးမှူးဒေါက်တာခင်ဖြူဖြူက ပြောပါတယ်။

ဧရာဝတီတိုင်းမှာ အာဆင်းနစ်ကင်းစင်တဲ့ သောက်သုံးရေ ရရှိရေး စီမံချက်ကို ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နဲ့ ဆေးသုတေသနဦးစီးဌာနတို့က ၂၀၁၅ခုနှစ်သြဂုတ်လက စတင်လုပ်ဆောင်နေတာဖြစ်ပြီး စီမံချက်ပြီးဆုံးမယ့် ကာလကတော့ ၂၀၁၈ခုနှစ် ဇူလိုင်လ အထိဖြစ်ပါတယ်။

ဒီစီမံချက်ကို ကနဦး အနေနဲ့ သာပေါင်းမြို့နယ်က သွားလာရခက်ခဲတဲ့ ရွာခုနှစ်ရွာကို ရွေးချယ်ပြီး အဲ့ဒီရွာတွေက ရေတွင်းရေကန်တွေကို အာစင်းနစ်ဓာတ် ပါဝင်မှုရှိ မရှိစစ်ဆေးနေပြီး သောက်ရေသန့်ရရှိဖို့ အဆင့်ဆင့်လု ပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒီစီမံချက် အကောင်အထည်ဖော်ရာမှာ ဂျပန်နိုင်ငံက ကျွမ်းကျင်ပညာရှင်တွေနဲ့ နည်း ပညာပိုင်းတွေနဲ့ ပညာရှင်တွေ အတွက် ကုန်ကျစရိတ်ကို (JICA)က ထောက်ပံ့ပေးနေတာဖြစ်တယ်လို့သိရပါတယ်။ စီမံချက်လုပ်ဆောင်ရာမှာ ပထမအဆင့် အနေနဲ့ ရေတွင်းရေကန်တွေ စစ်ဆေးပြီး အာစင်းနစ်ပါဝင်မှု ပမာဏကိုလျော့ချတာတွေ၊အာစင်းနစ်နဲ့ပတ်သက်ပြီး ကျေးရွာလူထုကို အသိပညာပေးတာတွေကို လုပ်ဆောင်နေပြီး ဒီနှစ်မှာတော့ အာစင်းနစ်ရောဂါလက္ခဏာတွေ ပိုမိုသိဖို့
အတွက် ဆံပင်နမူနာတွေယူပြီး ဓာတ်ခွဲစစ်ဆေးမှုတွေလုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့စက်တင်ဘာလ(၄)ရက် ဆေးသုတေသနဦးစီးဌာနမှာ ဂျပန်ကတာဝန်ရှိသူတွေနဲ့ ဆေးသုတေသနက တာဝန်ရှိသူတွေ တွေ့ဆုံပြီး ဆံပင်နမူနာတွေ စစ်ဆေးခဲ့တဲ့ ရလဒ်တွေနဲ့ ဆောင်ရွက်ပြီးစီးခဲ့တဲ့ အခြေအနေတွေကို တင်ပြဆွေးနွေးခဲ့ကြပါတယ်။

ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး