ရာသီတုပ်ကွေး (H1N1) ဖြစ်ပွားမှုအခြေအနေ အဆင့် ၃ အဖြစ်သာ ရှိနေသေး

  • 7 years ago
လက်ရှိဖြစ်ပွားနေတဲ့ ရာသီတုပ်ကွေး (H1N1) ရောဂါဖြစ်ပွားမှုအခြေအနေဟာ အဆင့် (၃) အဖြစ်ရှိနေသေးတယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်ထိ H1N1ရောဂါပိုးတွေ့ရှိမှုနှုန်းနဲ့ ကူးစက်မှုနှုန်းကျလာတာကြောင့် နောက်ထပ် တစ်ပတ်လောက်စောင့်ကြည့်ပြီးလို့ ပိုးတွေ့နှုန်းနဲ့ သေဆုံးမှုနှုန်း ကျမယ်ဆိုရင်တော့ ရောဂါထိန်းချုပ်နိုင်ပြီလို့ ပြောလို့ရတယ်လို့ ဒေါက်တာသန်းထွန်းအောင်က အခုလိုပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့လည်း တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးမှာ ကျန်းမာရေးပညာပေးလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ တစ်နိုင်ငံလုံးက ဆေးရုံကြီးတွေမှာ လက်တလောပြင်းထန်အဆုတ်ရောင်ရောဂါနဲ့ ဆေးကုသမှုခံယူနေတဲ့ လူနာစာရင်းကို ဇူလိုင်လကတည်းက စတင်ကောက်ယူနေတာဖြစ်ပြီး သေဆုံးမှုအခြေအနေနဲ့ ရောဂါဖြစ်ပွားမှုအခြေအနေတွေ သိရှိနိုင်ဖို့ အတွက် ပုံမှန်ကောက်ယူသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့နိုင်ငံတွေရဲ့ ကျန်းမာရေး ပြဿနာတွေ အပေါ် အဆင့်သတ်မှတ်ရာမှာ အဆင့်ခြောက်ခု အထိ သတ်မှတ်ထားတာဖြစ်ပါတယ်။

အဆင့် (၁) (၂) ကတော့ တိရစ္ဆာန်တွေမှာသာ ကူးစက်တတ်ပြီး အဆင့်(၃)အနေနဲ့ လူလူချင်း ကူးစက်တတ်တာဖြစ်ပါတယ်။ အဆင့်(၄)ကတော့ အစုလိုက် အပြုံလိုက် (ကပ်အသွင်) ဖြစ်ပွားတဲ့ အဆင့်လို့ သတ်မှတ်ပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကူးစက်ပါက အဆင့် (၅) အဖြစ် သတ်မှတ်ကာ တစ်ကမ္ဘာလုံးကူးစက်ပါက အဆင့် (၆)အဖြစ်သတ်မှတ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ H1N1ရောဂါဖြစ်ပွားမှုအခြေအနေကတော့ သြဂုတ်လ(၅)ရက်အထိ လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါနဲ့ ဆေးရုံတက်ရောက်ကုသတဲ့လူနာ (၃၅၆) ဦးရှိခဲ့ပြီး H1N1 ပိုးတွေ့ လူနာကတော့(၁၃၆)ဦးရှိကာ သေဆုံးသူ အရေအတွက်ကတော့ (၁၅)ဦးရှိပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ ရာသီတုပ်ကွေး(H1N1)ရောဂါဟာ ၂၀၀၁ခုနှစ် ကတည်းက စတင်ဝင်ရောက်ခဲ့ပြီး ၂၀၀၉ မှာ H1N1ရောဂါဖြစ်ပွားသူဦးရေဟာ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ၁၇၆ ဦးရှိခဲ့တယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး

Recommended