လွှတ်တော်မှာ အမျိုးသမီးကိုယ်စားပြု ပါဝင်မှု ဘယ်လောက်ရှိနေလဲ

  • 7 years ago
မြန်မာနိုင်ငံအနေနဲ့ ပြည်ထောင်စုအဆင့်လွှတ်တော်မှာ အမျိုးသမီးကိုယ်စားပြုပါဝင်မှုက တိုးတက်လာပေမယ့် အရှေ့တောင်အာရှနိုင်ငံတွေထဲမှာတော့ ဒုတိယအနည်းဆုံး အဆင့်မှာ ရပ်တည်နေပါတယ်။ ဒီကနေ့ ဇူလိုင်၂၁ရက်က ရန်ကုန်မြို့မှာ ကျားမတန်းတူညီမျှမှုနဲ့နိုင်ငံရေးမှာ အားလုံးပါဝင်နိုင်မှုဆိုင်ရာ ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပါတယ်။

အဲဒီ့ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရဲ့ ကျားမတန်းတူညီမျှမှု အခြေနေ၊ ကျားမတန်းတူညီမျှမှုနဲ့ ရွေးကောက်ပွဲဖြစ်စဉ် အကြောင်းတွေကို ဆွေးနွေးကြတာဖြစ်ပါတယ်။ လက်ရှိ ပြည်ထောင်စုအဆင့်လွှတ်တော်မှာ ရွေးကောက်ခံအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ပါဝင်မှုက ၁၂ရာခိုင်နှုန်းကျော်ရှိတယ်လို့သိရပါတယ်။ ဒီပါဝင်မှုက ပထမအကြိမ်လွှတ်တော်သက်တမ်းနဲ့နှိုင်းယှဉ်ရင် တိုးတက်လာပေမယ့် ခေါင်းဆောင်မှုနဲ့အုပ်ချုပ်ရေးပိုင်းတွေမှာတော့ အမျိုးသမီးပါဝင်မှုကနည်းနေသေးတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးပြည်နယ်လွှတ်တော် အားလုံးမှာ အမျိုးသမီးပါဝင်မှု ရာခိုင်နှုန်း ၁၅ရာခိုင်နှုန်းကျော်ရှိတယ်လို့သိရပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း (၁၉၃)နိုင်ငံရဲ့ ပြည်ထောင်စုအဆင့် လွှတ်တော် အမျိုးသမီး ကိုယ်စားပြုပါဝင်မှုမှာ မြန်မာနိုင်ငံက အဆင့် (၁၅၉)နေရာမှာ ရှိနေတယ်လို့လည်း သိရပါတယ်။


ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်

Recommended