7Day TV ရဲ့ ည၇နာရီသတင်း 7PM News တိုက်ရိုက်ထုတ်လွှင့်မှု

  • 7 years ago
(၁) သားအမိနှစ်ယောက်ကိုသတ်ပြီး အိမ်မီးရှို့သူကို ဖမ်းမိထား

သုံးနှစ်အရွယ် ကလေးငယ်နဲ့ အမေဖြစ်သူကို အိမ်မှာလာတည်းနေတဲ့ ဆွေမျိုးမကင်းသူက သတ်ဖြတ်ခဲ့တဲ့ အမှု မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ခွဲမှာ ဖြစ်ပွားခဲ့တာပါ။

ဓားဒဏ်ရာနဲ့ သေဆုံးနေတဲ့ အသက် ၃၇ နှစ်အရွယ် အမျိုးသမီးကို ပလတ်စတစ်ပုံးထဲမှာ တွေ့ခဲ့တာပါ။ ကလေငယ်ကိုတော့ မီးရှို့ပြီး ခရီးဆောင်အိတ်ထဲ ထည့်ထားတာကို တွေ့ခဲ့ရတယ်လို့ အိမ်နီးချင်း မျက်မြင်သက်သေ တစ်ဦးက ပြောပါတယ်။

တရားခံလို့ စွမ်စွဲခံရတဲ့ အမျိုးသားဟာ အသတ်ခံရတဲ့ အမျိုးသမီးရဲ့ ဝမ်းကွဲတူမရဲ့ ခင်ပွန်းဖြစ်တယ်လို့ ပြည်ကြီးတံခွန်မြို့မ ရဲတပ်ဖွဲ့စခန်း သိရပါတယ်။

ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းက အခု တရားခံလို့ စွပ်စွဲခံရတဲ့ အမျိုးသားက အခင်းဖြစ်တဲ့ နေအိမ်မှာ မီးလောင်တယ်ဆိုပြီး ပတ်ဝန်းကျင်က အိမ်တွေကို လိုက်ခေါ်ခဲ့တာပါ။ အိမ်နီးချင်းတွေ ရောက်သွားချိန်မှာ တစ်အိမ်လုံး မီးခိုးတွေနဲ့ ပြည့်နေတာ တွေ့ရပြီး အလောင်းတွေကိုလည်း တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

သေဆုံးသူ အမျိုးသမီးရဲ့ ရွှေလက်ဝတ်လက်စားတွေကို ယူဖို့အတွက် သတ်ခဲ့တာဖြစ်ပြီး သမချေးငွေတွေ ပြန်ဆပ်ဖို့ လုပ်ခဲ့တာ ဖြစ်တယ်လို့ ဝန်ခံခဲ့တဲ့အကြောင်း ပဏာမ စစ်ဆေးထွက်ဆိုချက်တွေအရ သိရပါတယ်။ တရားခံကို ဖမ်းမိထားပြီဖြစ်ပြီး ပုဒ်မနှစ်ခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

(၂) ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတိုင်းကို ခရီးသွားလုပ်ငန်းဘဏ်က ငွေချေးမယ်

ခရီးသွား လုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ ဘယ်လုပ်ငန်းကိုမဆို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ဘဏ်ကနေ ငွေချေးသွားမယ်လို့ သိရပါတယ်။

လာမယ့် ဇွန်လမှာ ဖွင့်လှစ်နိုင်ဖို့ ရည်မှန်းထားတဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ဘဏ်ဟာ မြန်မာနိုင်ငံ အတွင်းက ပြည်တွင်း၊ ပြည်ပ ခရီးသွား လုပ်ငန်းတွေ၊ ဟိုတယ် လုပ်ငန်းတွေ၊ စားသောက်ဆိုင် လုပ်ငန်းတွေ အပြင် ခရီးသွားနဲ့ ပတ်သက်ဆက်နွယ်တဲ့ အသေးစား လုပ်ငန်းတွေကိုပါ ငွေချေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

လက်ရှိမှာ ခရီးသွားဘဏ် ဖွင့်လှစ်သွားမယ့် အခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ ဦးရန်ဝင်းက အခုလို ရှင်းပြပါတယ်။

လက်ရှိမှာ ဘဏ်ရုံးချုပ်ကို နေပြည်တော်မှာ ထားရှိမှာ ဖြစ်ပြီး ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တွေမှာ ဘဏ်ရုံးခွဲ ဖွင့်နိုင်ဖို့ စီစဉ်းထားပါတယ်။

အဲဒီဘဏ်ခွဲဖွင့်မယ့် နေရာမှာလဲ ဘဏ်အတွက် အဆောက်အဦးတွေ အဆင်သင့် ရှိနေပြီလို့ ဆိုပါတယ်။

ဘဏ်ဖွင့်ဖွင့်ချင်း မတည်ငွေကို ဘီလီယံ ၂၀ နဲ့ စတင်မှာ ဖြစ်ပြီး ခရီးသွားဘဏ်ကို နောက်ပိုင်းမှာ အများပိုင်ဘဏ် အဖြစ် ပြောင်းနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

(၃) ငွေလဲကောင်တာတွေ ကန်ဒေါ်လာတစ်သောင်းထက် ပိုကိုင်မထားဖို့ ထုတ်ပြန်

ဘဏ်မဟုတ်တဲ့ နိုင်ငံခြားငွေ အရောင်းအဝယ် လုပ်နေတဲ့ ငွေလဲကောင်တာတွေ အမေရိကန်ဒေါ်လာ တစ်သောင်းအထက် ပိုတဲ့ငွေကို လက်ဝယ်မထားဖို့ ဗဟိုဘဏ်က ထုတ်ပြန်လိုက်ပါတယ်။

ဇန်နဝါရီ ၁၉ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။ အများဆုံး လက်ဝယ်ထားနိုင်တဲ့ ပမာဏ ကန်ဒေါ်လာ တစ်သောင်းထက်ပိုတဲ့ နိုင်ငံခြားငွေကို စာရင်းပိတ်ပြီး ငွေလဲလှယ် လိုင်စင်ရ လုပ်ငန်းအမည်နဲ့ ဖွင့်ထားတဲ့ ဘဏ်စာရင်းမှာ အပ်နှံထားဖို့ ထုတ်ပြန်တာဖြစ်ပါတယ်။

လုပ်ငန်းရှင်တွေကတော့ ဒီလိုလုပ်လိုက်တာဟာ ဘဏ်မှာ ဒေါ်လာနည်းနေလို့ ဖြစ်နိုင်ပြီး အခုလို လုပ်လိုက်ခြင်းက အပြင်ဈေးကွက်မှာ စီးဆင်းနေတဲ့ ဒေါ်လာကို လျှော့ချလိုက်တာ ဖြစ်တယ်လို့ သုံး သပ်ပြောဆိုပါတယ်။

(၄) ထရမ့် အမေရိကန် သမ္မတ ဖြစ်လာမယ့် အခြေအနေကို အာရှစတော့ရှယ်ယာဈေးကွက် သတိကြီးကြီး စောင့်ကြည့်

အမေရိကန် သမ္မတအဖြစ် ဒေါ်နယ်လ်ထရမ့် ကျမ်းသစ္စာကျိန်ဆိုမယ့် အခြေအနေကို အာရှ စတော့ရှယ်ယာ ဈေးကွက်မှာ သတိကြီးကြီး စောင့်ကြည့်မှုတွေ ရှိနေကြောင်း သိရပါတယ်။

အမေရိကန်မှာ အစိုးရသစ် အပြောင်းအလဲ ဖြစ်ပေါ်လာခြင်းနဲ့အတူ အာရှမှာ ဒေါ်လာတန်ဖိုး အထိုက်အလျောက် ကျဆင်းခဲ့ပြီး တစ်ဖက်မှာ တရုတ်ကလည်း စီးပွားရေး မျှော်မှန်းချက် ကိန်းဂဏန်းကို ကျော်လွန်ပြီး အခြေအနေ ကောင်းနေတယ်လို့ ဆိုပါတယ်။

ဝါရှင်တန်မှာ ထရမ့်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမယ့်နေ့မှာ အာရှစတော့ဈေးကွက်က သတိကြီးကြီး ငြိမ်သက်နေခဲ့ပြီး ဈေးကွက်ပိတ်ချိန်မှာ အာရှနိုင်ငံကြီး အတော်များများရဲ့ ပျမ်းမျှရှယ်ယာ တန်ဖိုးတွေက အကျဘက်ကို အနည်းငယ် ဦးတည်နေခဲ့ပါတယ်။

တရုတ်စီးပွားရေး တိုးတက်မှု ပမာဏကတော့ စတုတ္ထ သုံးလပတ်အတွင်းမှာ ၆.၇ ရာခိုင်နှုန်းလောက် ရှိမယ်ဆိုတဲ့ ခန့်မှန်းချက်ကို ကျော်လွန်ပြီး ၆.၈ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ပါတယ်။ ဒါဟာ အစိုးရရဲ့ အသုံးစရိတ် မြှင့်တင် အကုန်အချခံလာမှုတွေနဲ့ တိုက်ရိုက် ဆက်စပ်နေတယ်လို့လည်း ဆိုတယ်။

တရုတ်ရဲ့ စီးပွားရေး တိုးတက်မှုအရှိန် မြင့်တက်လာတဲ့တိုင် အစိုးရက သုံးစွဲမှုတွေ တိုးပွားစေဖို့ လှုံ့ဆော် တိုက်တွန်းမှုနဲ့အတူ နှစ်ပိုင်းအတွင်း တရှိန်ထိုး မြင့်တက်လာတဲ့ ကြွေးမြီကဏ္ဍနဲ့ ပတ်သက်ပြီး ကိုင်တွယ် ထိန်းချုပ်နိုင်မှုအပေါ် အာရှစတော့ရှယ်ယာ ဈေးကွက်မှာ စိုးရိမ်မှုတွေ ရှိနေပါတယ်။

စီးပွားရေး ပညာရှင်တွေက တရုတ် အိမ်ခြံမြေဈေးကွက် ဆက်ပြီး အေးစက်နေတဲ့အပြင် ထရမ့် အမေရိကန် သမ္မတ ဖြစ်လာချိန်မှာ သူကြိုတင်ပေးခဲ့တဲ့ ကတိတွေကို လက်တွေ့ အကောင်အထည် ဖော်နိုင်ခဲ့ရင် ၂၀၁၇ မှာ တရုတ်စီးပွားရေးအပေါ် သက်ရောက် ထိလိုက်မှုတွေ ရှိလာနိုင်ကြောင်းလည်း သတိပေးထားပါတယ်။

ဒီနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ အတွက် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းနဲ့ ရွှေဈေးတွေကိုလည်း တင်ဆက်ပေးပါဦးမယ်။ ပြင်ပ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းကတော့ တစ်ဒေါ်လာကို ဝယ်ဈေး ၁၃၅၃ ကျပ် ဖြစ်ပြီးတော့ ရောင်းဈေးကတော့ တစ်ဒေါ်လာကို ၁၃၅၄ ကျပ်ဖြစ်ပါတယ်။ ရွှေဈေးကတော့ အခေါက်ရွှေ တစ်ကျပ်သားကို ၈ သိန်း ၇ သောင်းကျပ် ဖြစ်ပါတယ်။

Recommended