အမေရိကန် အနှံ့မှာ ထရမ့်ကို ဆန္ဒပြတာ သုံးညဆက်တိုက်ဖြစ်လာပြီ

  • 7 years ago
အမေရိကန်မှာ ရွေးကောက်ပွဲ အနိုင်ရရှိသူ ဒေါ်နယ်လ်ထရမ့်ကို မလိုလားကြောင်း ဆန္ဒပြ လှုပ်ရှားမှုတွေဟာ သုံးညဆက်တိုက် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရပြီး အမေရိကန်ရဲ့ သမ္မတသစ် နေရာကို ဆက်ခံတော့မှာ ဖြစ်ပေမယ့် ထရမ့်ရဲ့ မူဝါဒပိုင်းကို မနှစ်သက်သူတွေက နိုင်ငံအနှံ့အပြားမှာ ဆန့်ကျင် ဆန္ဒပြကြတာ ဖြစ်ပါတယ်။ ထရမ့်ဟာ မဲဆွယ်မှု ကာလမှာ ရွှေ့ပြောင်းအခြေချသူတွေ၊ မွတ်ဆလင်တွေ၊ အမျိုးသမီးတွေအပေါ် နှိမ့်ချရန်လိုမှုတွေ အထင်းသား ပြသခဲ့သူ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေက ထရမ့်ဟာ သူတို့ရဲ့ သမ္မတ မဟုတ်ဘူးလို့ ကြွေးကြော်ပြီး ရွေးကောက်ပွဲ ရလဒ်ကို ဆန့်ကျင်နေကြပါတယ်။

ရွေးကောက်ပွဲအပြီး တတိယညအဖြစ် နိုဝင်ဘာ ၁၁ ရက်မှာတော့ အော်လန်ဒို၊ မီယာမီ၊ အတ္တလန္တာ၊ ဖီလာဒဲလ်ဖီးယားတို့မှာ ဆန္ဒပြပွဲတွေ ဆင်နွှဲခဲ့ကြတယ်။ ဒုတိယညမှာ အတော်လေး ပြင်းထန်ခဲ့တဲ့ ပို့တ်လန်းနဲ့ အော်ရီဂွန်တို့မှာတော့ ဆန္ဒပြမှုတွေ နည်းနည်းလေး အရှိန်ကျသွားပါတယ်။ ပို့တ်လန်း မြို့တော်ဝန် ချာလီဟေးလ်စ်က မလိုလားမှု တစ်ခုကို အကြမ်းပတမ်း တုံ့ပြန်တာဟာ ပို့တ်လန်းရဲ့ အစဉ်အလာ မဟုတ်ဘူးလို့ မြို့သူမြို့သားတွေကို ပြောကြားခဲ့ပါတယ်။

“မနေ့ကဆိုရင် လူပေါင်း ၄၀၀၀ လောက်က လမ်းပေါ်ထွက်ပြီး သူတို့ရဲ့ မလိုလားမှုကို ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြတယ်။ ဒါပေမဲ့ တစ်ဖက်မှာ မင်းမဲ့စရိုက်ဆန်ဆန် သောင်းကျန်းဖျက်ဆီးမှုတွေလည်း ရှိခဲ့ပြီး ကျွန်တော်တို့ရဲ့ အိမ်နီးချင်း မိတ်ဆွေတွေ၊ မြို့သူမြို့သားတွေကို ထိခိုက်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်”လို့ မြို့တော်ဝန် ဟေးလ်စ်က ဆိုတယ်။

ထရမ့်ရဲ့ ရွေးကောက်ပွဲကြိုကာလ နှုတ်မစောင့်မှုတွေအတွက် အကျိုးဆက်ကို လက်ရှိ အချိန်ထိ ဆက်လက် ခံစားနေရဆဲဖြစ်ပြီး ဝါရှင်တန် ဒီစီမှာလည်း ထရမ့်ကို ဆန့်ကျင်တဲ့ “ငါတို့ရဲ့ သမ္မတမဟုတ်”ဆိုတဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေအတွက် စုရုံး ပြင်ဆင်နေပါတယ်။ ထရမ့်ဟာ ကျမ်းသစ္စာ ကျိန်ဆိုမှုအပြီး ဇန်နဝါရီ ၂၀ မှာ အမေရိကန်ရဲ့ သမ္မတ ရာထူးကို ဆက်ခံတော့မှာ ဖြစ်ပါတယ်။

Recommended